ပုကျိတောက်

Wednesday, August 28, 2013

ပြည်သူလူထုက တင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်မြို့ကိုယ့်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကြပ

 ပြည်သူလူထုက တင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုယ့်မြို့ကိုယ့်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ကြပါ ကျွန်တော်သည် မီဒီယာသမား သတင်းသမားမဟုတ်ပါ၊ စီးပွားရေးလောကမှာ ငယ်စဉ်ကတည်းက ကျင်လည်လာခဲ့တာ ယခုအသက်အရွယ်ထိ ဖြစ်ပါတယ်၊ စီပွားရေးနဲ့ ဆက်စပ်တဲ့ ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်ခဲ့ရာမှ ကျွန်တော်နှင့်ဘ၀တူ စီးပွားဖက် ကုန်ကားပိုင်ရှင်များနှင့် ၎င်းတို့ထံ မှီခိုနေရတဲ့ ယာဉ်မောင်း ယာဉ်လုပ်သားများရဲ့ နှစ်စဉ်ကြုံတွေ့နေရသော အခက်အခဲလေးတွေကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဟင်္သာတမြို့မှာ ကုန်စည်ပို့ဆောင်ရေးဂိတ် စုစုပေါင်း ၁၂-ဂိတ် ရှိပါတယ်။ ဟင်္သာတ-ရန်ကုန် လမ်းကြောင်းကို ပြေးဆွဲနေတဲ့ ဂိတ်(၁၀)ခုဖြစ်ပြီး၊ ခြောက်ဘီး ကုန်တင်ကားစီးရေ ၂၀၀ ခန့်၊ ၁၀-ဘီး၊ ၁၂-ဘီး၊ ၁၄-ဘီး ကုန်တင်ယာဉ်စီးရေ ၄၀ ကျော်ခန့် ရှိပါတယ်၊ ဟင်္သာတ-ရန်ကုန် ခရီးစဉ်မှာ ဒေသထွက်ကုန်များကို အဓိကထား ပို့ဆောင်ပေးပြီး၊ ရန်ကုန်-ဟင်္သာတ ခရီးစဉ်မှာ ဒေသလိုအပ်ချက် ကုန်ပစ္စည်းများဖြစ်တဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်း အစရှိတဲ့ ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ မြို့အနေနဲ့ ဟင်္သာတ-ရန်ကုန် လမ်းပိုင်းဟာ စီးပွားရေးအရ အချက်အခြာ အလွန်ကျတဲ့ လမ်းပိုင်းဖြစ်ရုံမက ဒေသခံပြည်သူများ၊ စီးပွားရေးအရလည်းကောင်း၊ ကျန်းမာရေးအရလည်းကောင်း၊ အခြားအထွေထွေ ကိစ္စရပ်များအတွက်လည်းကောင်း၊ ကုန်တင်ကားများသာမက ခရီးသည်ကားများ၊ ကိုယ်ပိုင်ယာဉ်ငယ်များနှင့်၊ နေ့စဉ် အသုံးပြုနေရတဲ့ လမ်းမကြီးတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း ဟင်္သာတ-ကြိမ်ပင်ဆည်လမ်းပိုင်း အထူးအားဖြင့် ဇလွန်-ကြိမ်ပင်ဆည် အပိုင်းကတော့ အဝေးပြေး လမ်းမကြီးတစ်ခုရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်မှုအားနည်းနေရုံမက မည်သည့်ယာဉ်အမျိုးအစားမဆို ရာသီမရွေး သွားလာနိုင်တဲ့ လမ်းမကြီးတစ်ခု မဟုတ်ခဲ့ပါ။ နှစ်စဉ်မိုးရာသီကာလအတွင်း ၄-လတာမျှ ၁၀-ဘီး ၊ ၁၂-ဘီး ကုန်တင်ယာဉ်များ သွားလာမှုကို ကန့်သန့်ခဲ့ပါတယ်။ ယခု ၂၀၁၃ ခုနှစ်ဆိုလျှင် ၄-နှစ် ရှိခဲ့ပါပြီ။ နှစ်စဉ်မိုးရာသီကာလ ၄-လဆိုတဲ့ ရှည်လျားတဲ့ ကာလတစ်လျှောက်မှာ ၁၀-ဘီး၊ ၁၂-ဘီး ယာဉ်များကို မှီခိုနေရတဲ့ ယာဉ်မောင်း ယာဉ်နောက်လိုက်များ သူတို့ရဲ့ မိသားစုဝင်များစွာဟာ ဘ၀ရပ်တည်နိုင်ရန်နဲ့ စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်နေကြရပါတယ်။ ဘ၀တူယာဉ်မောင်း အချင်းချင်း ရိုင်းပင်ကူညီတဲ့အနေနဲ့ တယောက်တစ်လှည့်စီ ကားမောင်းခြင်းဖြင့်လည်းကောင်း၊ ယာဉ်ပိုင်ရှင်များမှ မိမိတို့ ယာဉ်မောင်း ယာဉ်နောက်လိုက်များကို သင့်တော်သလို အလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ကြေးပေးခြင်းဖြင့်လည်းကောင်း၊ လူသားခြင်း ရိုင်းပင်ကူညီမှု စိတ်ဓါတ်တွေနဲ့ ဖြေရှင်းပေးနေရပါတယ်၊ ကျွန်တော် ယခုတင်ပြချက်များဟာ ၁၀-ဘီး ၊ ၁၂-ဘီး ယာဉ်များကို မှီခိုနေရသော ယာဉ်မောင်း ယာဉ်နောက်လိုက်များနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များ ကြုံတွေ့နေရတဲ့ အခက်အခဲ တစ်စိတ်တပိုင်းမျှသာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆-ဘီးယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း သိပ်အဆင်ပြေလှတာတော့ မဟုတ်ပါဘူး၊ လမ်းမကောင်းလို့ ကားခဏခဏ ပျက်လို့ ပြင်နေရတာနဲ့ ကားခရတဲ့ဝင်ငွေကို မိသားစုစားဖို့ နေနေသာသာ ကားပြန်ပြင်နေရတာနဲ့တောင် မလောက်ငှပါ၊ ဒါကြောင့် ဟင်္သာတမြို့က ကုန်တင်ကားပိုင်ရှင်များ ခရီးသည်ကားပိုင်ရှင်များကိုယ်စား၊ သက်ဆိုင်ရာ အကြီးအကဲများကို မေတ္တာရပ်ခံပါရစေ။ နိုင်ငံတော်သမ္မတကြီးနှင့်တကွ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊ ပြည်သူဆောက်လုပ်ရေးလုပ်ငန်း တိုင်းဒေသကြီး အင်ဂျင်နီယာမှူးကြီး၊ ခရိုင်အင်ဂျင်နီယာမှူးကြီးများ၊ လာမည့်ပွင့်လင်းရာသီတွင် ဇလွန်-ကြိမ်ပင်ဆည်လမ်းပိုင်းအား မည်သည့်ယာဉ်မဆို ရာသီမရွှေး သွားလာနိုင်သော အဝေးပြေးလမ်းမကြီးအဖြစ် မြှင့်တင်ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။ အထူးအားဖြင့် ဟင်္သာတမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဌေးဦး၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ ဦးသိမ်းစိုးတို့အနေနဲ့လည်း မိမိတို့တက်ရောက်နေတဲ့ လွတ်တော်အစည်းအဝေးများမှာ မိမိတို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း၊ ခရိုင်အဆင့် မြို့ကြီးအင်္ဂါရပ်နဲ့ ညီညွတ်စေရန် အတွက်လည်းကောင်း ၊ တင်ပြဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (စိန်လင်း - ကုန်တင်ကားကြီး ဥက္ကဋ္ဌ) အေးချမ်းမွန် Credit To > Hinthata HumanRights < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment