စစ်ကိုင်းPKT
ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာတွင် ၀န်ထမ်းများ ပါဝင်ပတ်သက်ပါက အမှုဖွင့် အရေးယူမည်ဟု ဦးစီးဌာနပြော ခိုင်ခိုင် | ကြာသပတေးနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၄၃ မိနစ် ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)မှ ၀န်ထမ်းများ ပါဝင် ပတ်သက်သည်ဆိုပါက တည်ဆဲဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် သြဂုတ် ၂၇ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။ ယင်းသို့ အသိပေးထုတ်ပြန်ရခြင်းမှာ လူမှုကွန်ယက်ဝဘ်ဆိုဒ် ဖေ့စ်ဘွတ်ပေါ်တွင် “Myanmar Car Market” စာမျက်နှာမှ “ယာဉ်မောင်းလိုင်စင် အပြီးအစီးရရန် ဆောင်ရွက်ပေးပါသည်”ဆိုသည့် ကြေညာချက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းစာမျက်နှာတွင် ဖော်ပြထားသည်မှာ မမှန်ကန် ဆောင်ရွက်ပေးသည့်သဘော သက်ရောက်နေသောကြောင့် ယင်းသို့ ဆောင်ရွက်နေသူများရှိပါက တိကျစွာ တိုင်ကြားရန် ကညနက ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ယင်းအပြင် မမှန်မကန် ဆောင်ရွက်ပေးနေမှုများကို ကညနမှ စုံစမ်းဖော်ထုတ်မည်ဖြစ်ပြီး ၀န်ထမ်းများ ပါဝင် ပတ်သက်နေပါက ဥပဒေအရ အရေးယူမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ ကညနမှ အကြီးတန်းအရာရှိတစ်ဦးက “လိုင်စင်အတွက် အချိန်သုံးလယူပြီး လုပ်ပေးတာတော့မှန်တယ်။ ဒါပေမယ့် ငွေကုန်ကျစရိတ်က ကွာလွန်းနေတယ် ဆိုပြီး တိုင်တာတွေ ရှိတယ်။ ဒီကြားထဲ ငွေလိမ်သွားတာတွေလည်း ဌာနက လူတွေ ပါတယ်ဆိုပြီး ကြားနေရတော့မှန်မှန်ကန်ကန် အကျိုးဆောင်ပေးတဲ့ လူ တွေအတွက်လည်း အဆင်မပြေတော့ ဘူးပေါ့”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို သြဂုတ် ၂၈ ရက်တွင် ပြောသည်။ ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာတွင် ငါးသောင်းခန့်ကုန်ကျမည်ဖြစ်ပြီး အပြင် အကျိုးဆောင်များမှတစ်ဆင့် လုပ်ကိုင်ရာတွင် ယင်းငွေကြေးထက် ပိုမိုကုန်ကျနေသည်။ ငွေကြေးပိုယူသော်လည်း လိုင်စင်မရသည့် ဖြစ်စဉ်များ ရှိလာသောကြောင့် ယခင်ကတည်းက အကျိုးဆောင်လုပ်နေသူများလည်း သြဂုတ်လလယ်ခန့်မှစ၍ အကျိုးဆောင် လုပ်ပေးရန် ခက်ခဲလာကြောင်း အကျိုးဆောင် တစ်ဦးဖြစ် သည့် ဦးမောင်မောင်က ဆိုသည်။ ၎င်းက “အခုတလောမှာ အရှုပ်အရှင်းတွေ အများကြီး ဖြစ်လာတဲ့အတွက် မြင်သာမှာ လိုင်စင်အတွက် ကြားဝင် လုပ်ပေးတာ ခက်လာတယ်။ ကိုယ်က မလိမ်ပေမယ့် လိမ်တဲ့သူတွေရှိတော့ ရုံးကိုတိုင်ကြတော့ ကြားဝင်ပြီး မုန့်ဖိုးယူ လုပ်ပေးတာတွေ လက်မခံတော့ဘူး”ဟု ပြောသည်။ လိုင်စင်ရမည်ဆိုပြီး ငွေကျပ်သိန်းချီ လိမ်လည်သွားသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း လက်ရှိတွင် လိုင်စင်အကျိုးဆောင် လုပ်နေသူ ကညန ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ဒေါ်ဥမ္မာက ဆိုသည်။ ၎င်းက “လိမ်တဲ့လူတွေက အဖွဲ့လိုက်လုပ်တာထင်တယ်။ ဒီနားမှာ မသိလို့လာမေးရင် အချဉ်လုပ်တာများတယ်။ ဌာနဆိုင်ရာနဲ့ ပိုင်အောင် ပေါင်းတဲ့လူတွေလဲ ပါတယ်။ ပုံမှန်ပဲ လိုင်စင်ကိစ္စအတွက် ကူညီသူ တွေကတော့ ဒုက္ခရောက် ကုန်တာပေါ့”ဟု မဇ္ဈိမကို ပြောသည်။ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းတွင် နေထိုင်သည့် အသက် ၂၅ နှစ်ဝန်းကျင် မဇင်မာက လူမှုကွန်ရက်တွင် ဖုန်းနံပါတ်နှင့်တကွ အတိအကျပေးကာ ကြေညာထားသော လိပ်စာတစ်ခုကို ဆက်သွယ်၍ လိုင်စင်လုပ်ခဲ့ရာ လေးလကြာသည်အထိ ဆက်သွယ်မရဘဲ ငွေကျပ်လေးသိန်း ဆုံးရှုံးခဲ့သည်ဟုလည်း သူ၏ ဖြစ်စဉ်ကို ပြောခဲ့သည်။ ကညနမှ ၀န်ထမ်းအချို့သည်လည်း ယာဉ်မောင်းလိုင်စင် အကျိုးဆောင် လုပ်ကိုင်ပေးသူများရှိသော်လည်း လခစားဝန်ထမ်းများ မဟုတ်ဘဲ အကျိုးဆောင်ပေးခဖြင့်သာ ကူညီပေးသူများဖြစ်သည်ဟုလည်း အကျိုးဆောင် ဦးဇင်မင်းက ပြောသည်။ ကညနမှ ၀န်ထမ်းများ ပါဝင်ပတ်သက်မှုရှိကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေအရ အရေးယူမည်ဆိုသော်လည်း အမှန်တကယ် ဆောင်ရွက်ခြင်း ရှိမရှိကို ဆက်လက်စောင့်ကြည့်ရမည်ဟု ကုန်းလမ်းပို့ဆောင်ရေးဌာန၊ လိုင်စင် စိစစ်ရေးဌာနမှ အငြိမ်းစားအရာရှိ တစ်ဦးကလည်း သုံးသပ်လိုက်သည်။ အေးချမ်းမွန် Credit To > Mizzima - News in Burmese < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia mrcopy
No comments:
Post a Comment