ပုကျိတောက်

Thursday, August 29, 2013

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှ ရရှိသော အလှူငွေများကို ဗလီပြန်လည် တည်ဆောက်ရေးတွင် လှူဒါန်းမည် ဆိုသောသတင်း မမှန်ဟု ငြင်းဆို

 ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှ ရရှိသော အလှူငွေများကို ဗလီပြန်လည် တည်ဆောက်ရေးတွင် လှူဒါန်းမည် ဆိုသောသတင်း မမှန်ဟု ငြင်းဆို Created on Friday, 30 August 2013 01:15 ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှ ရရှိသော အလှူငွေများကို ပျက်စီးသွားသော ဗလီဝတ်ကျောင်းများ ပြန်လည် တည်ဆောက်ရေးတွင် လှူဒါန်းမည်ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ငြင်းဆိုခဲ့သည်။ ''အဲဒီသတင်းက လုံးဝ ကောလာဟလပါ။ လုံးဝမမှန်ပါဘူး'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက The Daily Eleven သို့ ပြောကြားသည်။ အဆိုပါ မွေးနေ့ပွဲမှ ရရှိသော အလှူငွေများကို NLD ကျန်းမာရေးကွန်ရက်၊ ပ ညာရေးကွန်ရက်နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း တို့ကိုသာ လှူဒါန်းခြင်းဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဆက်လက် ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှ ရရှိသော အလှူငွေများကို ပျက်စီးသွားသော ဗလီဝတ်ကျောင်းများ ပြန်လည် တည်ဆောက်ရေးတွင် လှူဒါန်းမည်ဆိုသော သတင်းကို လူမှုကွန်ရက် Facebook ပေါ်တွင် ၀ါဒဖြန့်ချိရေး Account များဖြစ်သော သွေးသစ္စာ၊ နေမင်းတို့က ဖြန့်ချိခဲ့ပြီး အခြားသော ၀ါဒဖြန့်ချိရေး Account များက အဆိုပါ သတင်းကို ဆက်လက်ဖြန့်ချိ ခဲ့ကြခြင်းဖြစ်သည်။ အစိုးရ၊ အတိုက်အခံ၊ နိုင်ငံရေးသမားများနှင့် ဂျာနယ်လစ်များကို မမှန်သတင်းများဖြင့် ပုဂ္ဂိုလ်ရေး အပုပ်ချမှုများ လုပ်ဆောင်နေသော ၀ါဒဖြန့်ချိရေး သမားများသည် လက်ရှိအချိန်တွင် လူမှုကွန်ရက် Facebook ၌ ဘာသာရေး မှိုင်းတိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ နိုင်ငံတကာ မီဒီယာများ၌ ၉၆၉ လှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော ဦးဝီရသူကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို 'မွတ်ဒေါင်း' ပါတီဟု ပြောဆိုပြီး တိုက်ခိုက်မှုများ ရှိနေသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ကွန်မြူနစ်များ ထိုးဖောက်ဝင်ရောက် နေသည်ဆိုသော လှုံ့ဆော်မှုများဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည့်နည်းတူ ယခု ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အချိန်တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း၌ မွတ်စလင်များ ထိုးဖောက် ၀င်ရောက်နေသည် ဆိုသော လှုံ့ဆော်မှုများဖြင့် ၀ါဒဖြန့်ချိရေး သမားများက လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။ ''ဟိုတုန်းကလည်း အဖွဲ့ချုပ်ထဲမှာ ကွန်မြူနစ် ပါတီဝင်တွေ ရှိနေတယ်လို့ ပြောခဲ့ကြတယ်။ ဒါက ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ ဒါပေမဲ့ အဲဒါက ပြဿနာမဟုတ်ဘူး။ အခုချိန်မှာလည်း အဖွဲ့ချုပ်ထဲမှာ မွတ်စလင် ဘာသာဝင်တွေ မရှိဘူး မဟုတ်ဘူး။ ရှိတာတော့ ရှိမှာပဲ။ ဒါပေမဲ့ ထူးထူးခြားခြား ပြောရလောက်အောင် အများကြီး ရှိနေတာ မဟုတ်ဘူး။ ဒီလို အနည်းအကျဉ်း ရှိနေတာကို အကြောင်းပြုပြီး အဖွဲ့ချုပ်ကို တိုက်ခိုက်နေတယ် ဆိုတာ တိုက်ခိုက်တဲ့လူရဲ့ အယူအဆ၊ ခံယူချက်တွေက အဆင့်အတန်း နိမ့်ကျလွန်းတယ်လို့ပဲ ယူဆတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်က ပြောကြားသည်။ ''မလိုတဲ့ သူတွေကတော့ ရှိနေမှာပါ။ မလိုတဲ့ သူတွေက ရေးကြမှာပါပဲ။ အဓိက ကတော့ ဟိုလူ၊ ဒီလူပြောတာကို ပြည်သူတွေမှာ ဦးနှောက်ရှိပါတယ်။ အားလုံး စဉ်းစားဆုံးဖြတ် နိုင်ကြပါတယ်။ ဒီလိုလုပ်တိုင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ကျမသွားပါဘူး'' ဟု NLD ပညာရေး ကွန်ရက်မှ ဦးအေးသိန်းက ပြောကြားသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 30-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment