ပုကျိတောက်

Thursday, August 29, 2013

လက်ပံတောင်းဆန္ဒပြ ဒေါ်နော်အုန်းလှ ထောင်နှစ်နှစ်၊ မိတ္ထီလာ ဗလီမီးရှို့သူ ထောင်နှစ်နှစ် Created on Friday, 30 August 2013

 လက်ပံတောင်းဆန္ဒပြ ဒေါ်နော်အုန်းလှ ထောင်နှစ်နှစ်၊ မိတ္ထီလာ ဗလီမီးရှို့သူ ထောင်နှစ်နှစ် Created on Friday, 30 August 2013 02:09 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် မုံရွာမြို့တွင် ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့သူ ရန်ကုန်တိုင်း ဒေသကြီးမှ ဒေါ်နော်အုန်းလှအား စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် တရာရုံးက သြဂုတ် ၂၉ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ရာ လွန်ခဲ့သော မတ်လအတွင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက် မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့ သူများအား အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်သာ ချမှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။ ဒေါ်နော်အုန်းလှသည် မုံရွာမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး၊ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို ညှဉ်းပန်း နှိပ်စက်သောရဲများ အရေးယူပေးရေး စသည့် အချက်လေးချက်ဖြင့် ဆန္ဒပြခွင့်ရရန် ခွင့်ပြုမိန့် တောင်းခံခဲ့သည်။ သို့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက သြဂုတ် ၁၂ ရက်တွင် အဆိုပါ တောင်းဆိုမှုကို ပယ်ချခဲ့ကာ သြဂုတ် ၁၃ ရက်တွင် ဒေါ်နော်အုန်းလှနှင့် ဒေသခံ အမျိုးသမီးတစ်ဦး လက်ပံတောင်းတောင် ဒေသမှ မုံရွာမြို့ဘက်သို့ ကူးအလာတွင် ဒေါ်နော်အုန်းလှကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဒေါ်နော်အုန်းလှနှင့်အဖွဲ့ အနေနှင့် မုံရွာမြို့အတွင်း ဆန္ဒပြ အော်ဟစ်ခြင်း၊ အလံပိုစတာ စသည်တို့ ကိုင်ဆောင်ခြင်း မရှိဘဲ လမ်းလျှောက်ရုံ သက်သက်ဖြင့်သာ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု မျက်မြင်သက်သေဖြစ်သော မုံရွာမြို့ခံများက ဆိုကြသည်။ ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး မြို့နယ်ရဲစခန်းက မှတ်ပုံတင်အမှတ် ၂၅၊ စာအမှတ် ၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) ပြစ်မှုကြီးအမှတ် ၉၅၅၃ ဖြင့် အမှုဖွင့်ခဲ့ ပြီး သြဂုတ် ၂၇ ရက်တွင် စတင် စစ်ဆေးခဲ့သည်။ ပုဒ်မ ၅၀၅ (ခ) ဆိုသည်မှာ ''မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ ကောလာဟလကို ဖြစ်စေ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန် ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက် သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် လူအမျိုးအစား အချင်းချင်း ဖြစ်စေ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း'' ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။ ဒေါ်နော်အုန်းလှ၏ အမှုကို သုံးသပ်ကြည့်မည်ဆိုလျှင် ဥပဒေ၏ အမြင့်ဆုံး စီရင်ခွင့်ဖြစ်သော ထောင်ဒဏ်နှစ်နှစ်ကို ချမှတ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အခြားအမှု တစ်ခုဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မှုများ၌ တရားခံ နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ တို့ဖြင့် အမှု ဖွင့် တရားစွဲဆိုပြီး ပြစ်မှုတစ်ခုလျှင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်၊ ပြစ်မှုနှစ်ရပ်စလုံး အတွက် တစ်ပေါင်းတည်း ကျခံစေရန် စီရင်ချက် ချခဲ့သည်ကို တွေ့ရသည်။ ''မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း၊ နေအိမ်အဖြစ်ဖြင့် သော်လည်းကောင်း၊ ပစ္စည်းများ သိုလှောင် ထိန်းသိမ်းသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ မိမိက ထိုသို့ ပျက်စီးစေမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မီးဖြင့် သို့တည်းမဟုတ် ပေါက်ကွဲတက်သော အရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း'' ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရသည်။ မိတ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံကို ဖျက်ဆီးခဲ့သူ နှစ်ဦးအား အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တို့ဖြင့်သာ အရေးယူ ခဲ့သည်ကို တွေ့ရသည်။ ပုဒ်မ ၄၂၇ ၏ ပြဋ္ဌာန်းမှုမှာ ''မည်သူမဆို အကျိုးဖျက်ဆီးမှုကို ကျူးလွန်၍ ထိုသို့ ကျူးလွန်ခြင်းဖြင့် အဘိုးငွေ ငါးဆယ်အောက် မနည်း ပျက်စီးနစ်နာစေလျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းထားသည်။ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တွင် ''မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ခုနစ်နှစ်တိုး၍ ချမှတ်နိုင်သည်'' ဟု ပြဋ္ဌာန်းထားသည်။ မိတ္ထီလာ အကြမ်းဖက်မှုအတွင်း ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခဲ့သူများအား စွဲဆိုထားသည့် ဥပဒေပုဒ်မအရ အမြင့်ဆုံး စီရင်ပိုင်ခွင့် ရှိသည့်အတိုင်း စီရင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်သော်လည်း ဗလီကို မီးရှို့ဖျက်ဆီးသူ ထောင်ဒဏ်နှစ်နှစ်၊ ဆန္ဒထုတ်ဖော်ခွင့် တောင်းခံထားသည့် မြို့နယ်သို့ လက်ပံတောင်းတောင် ဒေသခံများနှင့်အတူ လာရောက်ခဲ့သည့် ဒေါ်နော်အုန်းလှအပေါ် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ဆိုသည့် စီရင်ချက်မှာကား...။ မုံရွာမြို့နယ် ရဲစခန်းအတွင်းရှိ အချုပ်ခန်းအတွင်း၌ တွေ့မြင်ရသော ဒေါ်နော်အုန်းလှ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 30-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment